Recent Updates Toggle Comment Threads | Keyboard Shortcuts

  • Maung Hsu Nge (YGN) 7:33 pm on November 17, 2019 Permalink | Reply
    Tags: သင်္ဘော, Ship   

    တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့ အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။
    တစ်စီးကတော့ “ဆမ်ဆွန်” ဆိုတဲ့ သင်္ဘော ဖြစ်ပြီး တိုင်းတန်းနစ် နဲ့ ၇ မိုင်အကွာမှာပဲ ရှိနေခဲ့တာပါ။ အန္တရာယ်ကျရောက်နေကြာင်း အချက်ပြတဲ့ မီးကျည်တွေကို သူတို့ မြင်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းနေတဲ့ သင်္ဘော ဖြစ်နေတော့ အဖမ်းမခံချင်တာကြောင့် တိုက်တန်းနစ် နဲ့ ဆန့်ကျင်ဘက်ကို လှည့်ထွက်သွားခဲ့ပါတယ်။ ဒီသင်္ဘောဟာ တခြားသောသူတွေ အကူအညီ လိုအပ်နေချိန်မှာ အသိအမှတ် မပြုနိုင်ဘဲ နေစိမ့်တဲ့၊ ကိုယ့်အကုသိုလ်နဲ့ကိုယ် အလုပ်များနေတဲ့ လူတွေနဲ့ အလားတူပါပဲ။
    နောက်တစ်စီးကတော့ “ကယ်လီဖော်နီးယန်း” ဆိုတဲ့သင်္ဘောပါ။ တိုက်တန်းနစ်ကနေ ၁၄ မိုင်အကွာမှာ ရှိနေတာပါ။ ကပ္ပတိန်က အပြင်ထွက်ကြည့်တဲ့အခါ အချက်ပြမီးကျည်တွေကို မြင်ပေမယ့်လည်း သင်္ဘောပတ်ပတ်လည်မှာ ရေခဲတောင်တွေနဲ့ ပိတ်နေတာမို့ အခြေအနေက အခွင့်မသာ၊ မှောင်ကလည်း မှောင်နေတာကြောင့် မနက်ကျမှ သွားတော့မယ်ဆုံးဖြတ်ပြီး အခန်း ပြန်အိပ်နေခဲ့ပါတယ်။ သင်္ဘောသားတွေလည်း ‘ဘာမှ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ကြိုးစား စိတ်ဖြေနေရတာပေါ့။ အဲဒီသင်္ဘောကျတော့ ‘အခုလောလောဆယ်တော့ ဘာမှ မလုပ်နိုင်ဘူး’ လို့ ပြောတတ်တဲ့ လူတွေကို ကိုယ်စားပြုနေတာပေါ့။ အခြေအနေတွေက သိပ်ကောင်းသေးတာ မဟုတ်ဘူး။ အခြေအနေတွေ ပြည့်စုံကောင်းမွန်မှ ထွက်မယ်ဆိုပြီး စောင့်နေတဲ့ လူမျိုးတွေပေါ့။
    နောက်ဆုံးသင်္ဘောကတော့ “ကာပါသီယာ” ပါ။ တကယ်တမ်းက ရေဒီယိုကနေ ဘေးအန္တရာယ်ကျရောက်လို့ ကယ်ဆယ်ဖို့ ပန်ကြားချက် ကြားရတဲ့ အချိန်မှာ အဲဒီသဘောင်္ာဟာ တိုင်တန်းနစ်ကနေ ၅၈ မိုင်အကွာအဝေးမှာ ရှိနေပြီး တောင်ဘက်ကို ဦးတည်ခုတ်မောင်းနေတာပါ။ သင်္ဘောကပ္ပတိန်ဟာ တိုင်းတန်းနစ်သင်္ဘောရှိရာဘက်ကို မျက်နှာမူ ဒူးထောက်ထိုင်ချလိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းပါတယ်။ ပြီးတာနဲ့ သင်္ဘောကို တစ်ပတ်ပြန်လှည့်၊ ရေခဲတောထဲက ဖြတ်ပြီး စက်ကုန်ဖွင့် မောင်းခဲ့ပါတယ်။ အဲဒီသင်္ဘောကနေ တိုင်းတန်းနစ်သင်္ဘောက သေကံမရောက်သက်မပျောက် ကျန်ရစ်သူ ၇၀၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
    နှိုင်းယှဉ်သုံးသပ်ချက်…တာဝန်မယူချင်လို့ အကြောင်းပြချက်ပေးတာတွေ၊အတားအဆီးတွေကတော့ အမြဲ ရှိနေတာပါပဲ။ဒါပေမယ့် အဲဒါတွေကို လက်ခံပြီး လုပ်စရာရှိတာ လုပ်သင့်တာ လုပ်တဲ့သူတွေကိုတော့ လူတွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်ရနေကြမှာပါ။ဘဝမှာ ဆမ်ဆွန် နဲ့ ကယ်လီဖော်နီးယန်း တို့လို မဟုတ်ဘဲ ကာပါသီယာသင်္ဘောသားတွေလို ကျွန်တော်တို့အားလုံး ဖြစ်နိုင်ပါစေလို့ တကယ့်ကို ဆန္ဒပြုပါတယ်။အဲဒါဆို ဒီကမ္ဘာကြီးဟာ နေချင်စရာကောင်းပြီး ပိုမိုလှပတဲ့နေရာတစ်ခု ဖြစ်လာမှာပါ။
    ခရက်ဒစ် ဘာသာပြန်သူ
    There were three ships which were nearby when the Titanic sunk.
    One of them was known as the Sampson. It was 7 miles away from the Titanic and they saw the white flares signaling danger, but because the crew had been hunting seals illegally and didn’t want to be caught, they turned and went the opposite direction away from the Titanic. This ship represents those of us who are so busy in our own sin and lives that we can’t recognize when someone else is in need.
    The next ship was the Californian. This ship was only 14 miles away from the Titanic, but they were surrounded by ice fields and the captain looked out and saw the white flares, but because the conditions weren’t favorable and it was dark, he decided to go back to bed and wait until morning. The crew tried to convince themselves that nothing was happening. This ship represents those of us who say I can’t do anything now. The conditions aren’t right and so we wait until conditions are perfect before going out.
    The last ship was the Carpathia. This ship was actually headed in a southern direction 58 miles away from the Titanic when they heard the distress cries over the radio. The captain of this ship knelt down, prayed to God for direction and then turned the ship around and went full steam ahead through the ice fields. This was the ship that saved the 705 survivors of the Titanic.
    ANALOGY -Obstacles and reasons to avoid responsibility shall always be there, but those who accept it always find a place in the hearts to be remembered for the world of good they do.I really wish that we all could be Carpathians in life, unlike more Sampsons and Californians… this world could be a more beautiful place to live in.
    Crd org writer
    photo Titanic movie
     
  • Maung Hsu Nge (YGN) 5:26 pm on November 8, 2019 Permalink | Reply
    Tags: လမ်းခွဲ   

    လမ်းခွဲ 

    ကံကြမ္မာက မှားယွင်းစွာ
    ချစ်မိစေခဲ့တယ် ဆိုရင်လည်း
    အမုန်းတရားတွေနဲ့
    ငါတို့ နှလုံးသားကို
    အရှုံးမများချင်တော့…။

    ဒီဘဝ ဒီအမျှနဲ့ပဲ
    မညီမျှခြင်းတွေကို လှလှပပ
    နှုတ်ဆက်ကြမယ် အချစ်ရယ်။

    မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 4:47 am on October 21, 2019 Permalink | Reply
    Tags: မြေကြီး, မြေကြီးကို အားနာပါ။, အားနာ   

    မြေကြီးကို အားနာပါ 

    (၁)

    မင်းစိတ်ထဲမှာ ရှိနေတဲ့
    အတွေးတစ်စကို မင်းထုတ်ကြည့်ဖူးရဲ့လား။
    မင်းဦးနှောက်ထဲမှာ
    ကွန့်မြူး နေတဲ့ ဉာဏ်ပညာ
    ဒါကိုရော ယုံကြည်မှုရှိခဲ့ဖူးလား။

    ဘဝဟာ စာဖတ်ခြင်း မရှိရင်
    ကောင်းကင်ကို မော့ကြည့်ပြီး
    တက်နင်းထားတဲ့ မြေကြီးကို ကျေးဇူးတင်မိမှာ မဟုတ်ဘူး။

    ပုတ်အဲ့ သွားတဲ့ သစ်သီးကို
    မစားချင်လို့ ရတယ်
    ဒါပေမယ့် သူ့ကိုယ်ထဲက မျိုးစေ့ကို သိမ်းထားတာ
    ဉာဏ်အမျှော်အမြင်ရှိမှုပဲ။

    ကောင်ကင်ဟာ မျှော်လင့်ချက်ဆိုလျင်
    ထွက်လာသမျှကြယ်တွေဟာ အကျိုးအမြတ်ပဲ။

    (၂)

    ခေါင်းပေါ်မှာ အရှုံးတွေ တဖြုတ်ဖြုတ်
    ကြွေတယ်။
    သင်ခန်းစာ မရတဲ့ မျက်ရည်တွေ
    ဒုက္ခကို သယ်ပိုးပြီး
    မြေကြီးပေါ်ပဲ ဒူးထောက်တယ်။

    (၃)

    ဘဝကို တွန်းကန်ဖို့
    တစ်ခါတစ်ရံ
    ကွေးသင့်တဲ့ ခြေထောက်တွေ ရှိတယ်။
    ထောက်ထားတဲ့ ဒူးဟာ မင်းကို
    အမြင့်ခုန်စေနိုင်မှာတော့ မဟုတ်ဘူး။

    မြေကြီးကိုအားနာပါ။

    မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 10:38 pm on October 20, 2019 Permalink | Reply
    Tags: ဆရာကြီးဦးအောင်သင်း   

    ဆရာကြီးဦးအောင်သင်းပြောခဲ့ဖူးသော ..!! 

    ဒေါင်းကြီးတော့ အွတ်
    ကြောင်ကြီးတော့ ညွတ်
    လူပျိုကြီးတော့ ဇွတ်
    အပျိုကြီးတော့ ရွှတ်
    ××××××××××××××××××××
    “ဒေါင်းတောက်” (ဗဟုသုတ)

    မေး။ ။ ” ဆရာ…. ”ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ” လူတွေ ပြောတာကို မကြာခဏကြားဖူးတယ်…” ”ဒေါင်းတောက်အောင်” ဆိုတာဘာလဲ မေးကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။
    ဒေါင်းတောက်အောင် ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။
    ဘာအဓိပ်ပာယျလဲ ဆရာ။

    ဖြေ ။ ။ အေး မင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။
    သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ် အဖြေကို သိလာရတယ်။
    ငါက စာပေဟောပြောပွဲတွေသွားရင်း တောခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့တယ်။

    “ငါမှတ်မိသလောက်တော့ဖြင့်
    တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထားဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။
    တောအုပ် မြိုင်အုပ် အလွန်ကြီးတဲ့ နေရာတွေပေါ့။ ”
    ”အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့
    မှောင်ရီပျိုးလာတာပဲ။
    အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက်
    ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။

    ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး
    ”သစ်ခုတ်တာမဟုတ်ဘူး။
    ဒေါင်းတောက်နေတာပါ”တဲ့။
    ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို
    နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။
    အဲဒီအတိုင်း
    ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။
    ဒီလိုပါပဲ နေဝင်ချိန်အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ဆရာရယ်”တဲ့။
    ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အား
    တောင်သင့်သွားမိတယ်။

    အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့
    ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို
    အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။
    အဲဒါကို ဥပမာပေးပြီး
    ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။

    စဉ်းစားကြည့်တော့
    ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက်
    အောင်လို့ ပြောနေ ကြတယ်။
    ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။
    တကယ်ဆိုတော့
    ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။-

    “ကဲ …..ဒေါင်းတောက်တာကို နားလည်
    ရော့ပေါ့။
    ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ..??”

    ”အိုးဝေလို့ တွန်တာပေါ့ ဆရာ”

    ”မင်းကြားဖူးသလား”

    ”မကွားဖူးဘူးဆရာ”

    ”အေး-ဟုတ်လိမ့်မယ်။
    ဘယ် ကြားဖူးမလဲ။
    တောကြီးမြိုင်ကြီးထဲ မှာ ဆိုရင်တော့ တောလုံးဟိန်းသွား အောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။

    အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲ
    မြည် နိုင်သတဲ့။
    ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ် လို့
    ပြောကြတယ်။

    ”ကြောင်ကြီးတော့ ညွတ်ဆိုတာက”

    ”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။
    ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။

    ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။
    လူပျိုကြီးတော့ ဇွတ်တဲ့။
    မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”

    ”ဟာ- ဆရာကလဲ ထားပါ တော့။ အပျိုကြီးတော့ကော”

    ”အပျိုကြီးတော့ ရွှတ်တဲ့”

    ”ဟာ-ဆရာကတော့ ပြောပြီ။
    ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”

    ”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။

    ဒီကောင်လေးနော် မျက်စိနောက်လာပြီ။

    ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက
    အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”

    ”ဆရာကတော့ ပေါက်တတ်ကရတွေ စုံနေအောင်ပြောတာပဲ”

    ”အေးလေကွာ၊ ငါက ထွင်ပြောတာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”

    ”မှတ်မိပါတယ်ဆရာ။

    ဒေါင်းကြီးတော့ အွတ်၊
    ကြောင်ကြီးတော့ ညွတ်၊
    လူပျိုကြီးတော့ ဇွတ်၊
    အပျို ကြီးတော့ ရွှတ်”

    ”ဟကောင်ရ ဒေါင်းတောက်တော့ကော”

    ”မှတ်မိပါတယ် ဆရာရဲ့”

    Credit : ဆရာကြီးအောင်သင်း

     
  • Maung Hsu Nge (YGN) 3:45 am on October 16, 2019 Permalink | Reply
    Tags: ဘဝ, ဘဝဆိုတာ, မိမိကိုယ်သာ ကိုးကွယ်ရာ   

    ဘဝမှာ 

    အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်” ဆိုတဲ့ စကားက ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့ တဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် မစိမ်းတဲ့ စကားစု တစ်ခုပါ။

    ကျွန်တော်တို့ လူ့အသိုက်အဝန်းမှာ အများအားဖြင့် အားကိုးရှာခြင်းဆိုတာ အလေ့အထ တစ်ခုလို သတိ ပြုမိကြမယ် ထင်ပါရဲ့။

    မိဘရှိတဲ့ သူက မိဘကို အားကိုးကြသလို
    ဆွေမျိုးသားခြင်းရှိသူက ဆွေးမျိုးသားခြင်းကို အားကိုးကြသလို ။ အပေါင်းအသင်းရှိသူကလည်း အပေါင်းအသင်းကို အားကိုးချင်ကြမှာပါပဲ။

    တကယ်တော့ ထာဝရဆိုတာ မရှိတဲ့ ဘဝမှာ
    မိဘကိုပဲ အားကိုးလို့ ရနိုင်ခွင့်မရှိသလို
    အခြားဘယ်သူကိုမှ အားကိုးပိုင်ခွင့်ဆိုတာ မရှိပါဘူး။
    ဘာကြောင့်လဲ ဆိုတော့ အားကိုးခြင်းဆိုတာ အချိန်ကာလတစ်ခု အပိုင်အခြားအတွင်းမှာပဲ တည်ရှိနေတဲ့ ဖြစ်တည်မူ တစ်ခုမို့ပါ။

    ကိုယ်အားကိုးစရာ လိုအပ်နေချိန်မှာ
    အရင်နှီးဆုံးလို့ ထင်သူတွေက သူစိမ်းတွေ ဖြစ်သွားနိုင်သလို ၊ သူစိမ်းလို့ ထင်သူတွေက အရင်းနှီဆုံးလူတွေ ဖြစ်သွားတတ်တာမို့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပြောလို့ မရနိုင်ပါဘူး။

    ကျွန်တော်တို့အများစုက သူတစ်ပါးကို အားကိုးဖို့ထက် မိမိကိုယ်ကို အားကိုးဖို့ မေ့နေတတ်ကြရဲ့။

    သူများကို အမှုထမ်းဖို့ထက် ကိုယ့်ကိုယ်ကို အမှုထမ်းဖို့ မေ့နေကြပြန်ရဲ့။

    ဘဝဆိုတာ ကိုယ့်အတွက် ဘယ်သူကိုမှ မျှော်လင့်ခွင့် မရှိသလို ၊ အားကိုးပိုင်ခွင့်ဆိုတာလည်း မရှိပါဘူး။

    အပေး အယူ (Give and Take)ကို အခြေပြုတဲ့ လောကကြီးမှာ

    မိမိကြောင့် တစ်ပါးသူမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် မနေထိုင်သင့်သလို။ တစ်ပါးသူကြောင့်လည်း မိမိမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် နေထိုင်ဖို့ ကြိုးစားရင်းပဲ
    လောကမှာ ရတနာသုံးပါး လွဲရင် အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်” ဆိုသည်စကားအတိုင်း….။

    #မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 2:55 am on October 13, 2019 Permalink | Reply
    Tags: ကြွက်ထောင်ခြောက်, ငါနှင့်မဆိုင်ဆိုသူများဖတ်ဖို့, အသာနေ၍ အသေနာ   

    အသာနေ၍ အသေနာ 

    တစ်ခါတုန်းက …. ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။

    အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား .. စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။

    အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကို ရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က ၀ယ်လာတဲ့ ကြွက်ထောင်ချောက်။

    မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။

    အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်ကခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ” အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစ ရာယက်ပြီး ရှာနေတဲ့ ကြက်မက… “ဒီလောက်တောင် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။

    ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က….. “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့် ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက် ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

    ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမ ညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

    ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊ အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေး လို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာ တပ်ထားမယ့် အနံ့ကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ သွားရည်တများများ ကျစေမယ့် အစာကို အနား သားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆ တိုက်မိ တယ်ဆိုတာမျိုး မဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်၀င်လာခဲ့တယ်။

    အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာ ပေါက်ထွက်လာပြီး ကတည်းက သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက် တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။

    နွားကြီးကတော့ “စောစောသေတော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ” တဲ။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှ မဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင်မိသလောက် လန့်သွားတာ။

    နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့် ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။ မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအနံ့ မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီး သွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

    ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာ မြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲတဲ့အခါ မြွေက လှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမား ပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့် ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။

    အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေ လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာ၀န် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာ၀န် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမ၀င်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ဝုိင်း၀န်း အကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သား စွပ်ပြုတ်လုပ်တယ်။

    ဆရာ၀န်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့်ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။ လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုး မိတ်သင်္ဂဟတွေ လူမမာ သတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်း မပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေ မကောင်းတော့ သားချင်းတချို့ လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။ အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမ်းဖို့ရော၊ ဆရာ၀န်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ ၀က်ကို သတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။

    ဆရာ၀န်ရော အရပ်ကပါ ဝုိင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမား မယားဟာ ပြန်နာလန်ထူ မလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။ အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

    ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့် အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက် လဲ ဆိုတာကိုလည်း စဉ်းစားမရနိုင်အောင် ဖြစ်နေတယ်။

    ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ကြောက်နေတုန်းက ကိုယ်နှင့်မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအ၀င် သတ္တဝါ ၅ဦး အသက်ဆုံးရုံးသွားပြီး တဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက် ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့တယ်။

    ပုံပြင်လေးကတော့ဒါပါပဲ။

    နေရာတကာငါနဲ့မဆိုင်ပါဘူးလို့လျှစ်လျူမရှုကြပါနဲ့လို့

    Credit

     
  • Maung Hsu Nge (YGN) 12:07 am on October 10, 2019 Permalink | Reply
    Tags: မြန်မာ့ရဲ, Myanmar Police   

    ရဲ ဆိုမှ ရဲ 

    မှားမှား မှန်မှန်
    ပြည်သူခံ ဆိုရင်တော့ဖြင့်••••••။

    #မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 11:51 pm on October 1, 2019 Permalink | Reply
    Tags: ဆရာရဲမြတ်သူ, Uni, ,   

    Zawgyi Uni 

    Unicode team ဟိုးအချိန်ထဲက developed လုပ်နေကြတာ။ ခုအဆင်ပြေသွားပြီမို့ ပြောင်းပြီးသုံးကြတာ။

    Zawgyi Team ကလည်း Myanmar User တွေအတွက်
    အဆင်ပြေအောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ပေးခဲ့တာ။

    အလွယ်ပြောရရင် Local Unicode စနစ် (ဇော်ဂျီ)
    ခု International Unicode စနစ် (ပြည်ထောင်စု) ကိုယ်ကြိုက်တာ ကိုယ်သုံးလို့ရတယ်။

    Unicode ပြောင်းလို့ ဇော်ဂျီကို ကျေးဇူးကန်း လို့မရဘူး။
    Zawgyi ကိုကြိုက်လို့ Uni ကိုအပြစ်တင်လို့လည်း မရဘူး။

    ခု ဖုန်းထဲမှာ Unicode ပြောင်းတယ်လို့ ပြောတယ်။
    အမှန်တော့မဟုတ်ဘူး။ Unicode စနစ်ဆိုတာ ဖုန်းတိုင်းမှာပါတယ်။ အရင်လို ဆိုင်သွား ြမန်မာစာ Font ထည့်ခိုင်းစရာ မလိုဘူး။ ခုက Unicode ပြောင်းတယ် ဆိုတာ
    တကူးတက ဆိုင်သွားထည့်ထားရတဲ့ Zawgyi unicode ကိုဖြုတ်ပြီ Original Unicode စနစ်ကို default ထားလို့ရသွားတာပါ။

    ပြီးတော့ Unicode ဆိုတာ စနစ်ပါ Font မဟုတ်ပါဘူး
    Zawgyi ဆိုတာ Font နာမည်။ (စံမဟုတ်သော Unicode စနစ်။

    Myanmar3 , Pyitaungsu (font အမည်) စံမြန်မာစာ Unicode စနစ်။

    အဓိကက ဇော်ဂျီ ပဲ ဖြစ်ဖြစ် ပြည်ထောင်စု ပဲ ြဖစ်ဖြစ်
    ကိုယ်က သုံးတတ်ဖို့ပဲ လိုတာ။
    သုံးမယ့် သုံး ပြည်စုံတဲ့ ကောင်းတဲ့ စနစ်တစ်ခုကို သုံးမှာပေါ့။

    Uni ကို မုန်းစရာ မလိုသလို Zawgyi ကို အပြစ်တင်လို့လည်း မရဘူး။

    အားလုံးဟာ မြန်မာစာ အတွက် လုံးလပြုအားထုတ်ခဲ့တာကြီးပဲ။

    အောက်က ဓာတ်ပုံက

    ဇော်ဂျီ ယူနီကုတ်စနစ်ရဲ့ ဖခင်
    ကျေးဇူးရှင်
    ဆရာရဲမြတ်သူ ရဲ့ ပုံပါ။

    မြန်မာ online လောက Myanglish ကို ပပျောက်အောင် စွမ်းဆောင်ပေးခဲ့ သူ။ ကျွန်တော် လေးစားရတဲ့ နည်းပညာသမားရဲ့ ပုံပါ။ သူကျေးဇူးတွေ မြန်မာနိုင်ငံသားတိုင်းမှာ ရှိတယ်။

    မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 10:14 pm on October 1, 2019 Permalink | Reply
    Tags: ဇော်ဂျီ, မြန်မာစာ, ယူနီကုတ်, Myanmar Sar, ,   

    ကျွန်တော်မြန်မာစာကို ချစ်လို့ပါ 

    Uni code လာပြောင်းခိုင်းတယ်
    အဆင်မပြေရင် Zawgyi Unicode စနစ်ကိုပဲ သုံးပါလို့ ပြောလိုက်တယ်။

    တစ်ချို့ Oppo ဖုန်းတွေက
    တစ်ခါထည်း Zawgyi ကို Supporting လုပ်ပြီး ပြည်တွင်းကို တင်သွင်းထားလို့ပါ။

    ဒါဆို မင်းကရော ဘာလို့ uni code သုံးတာလဲ တဲ့ 😃😃😃
    ကျွန်တော် unicode
    (စံမြန်မာစာ ယူနီကုတ်စနစ် )
    ကို သုံးတာ ကြာပါပြီ။

    ကွန်ပျူတာမှာ Myanmar 3 font
    ကို လည်း သုံးတယ်။
    Zawgyi (စံမဟုတ်တဲ့ Unicode စနစ်)
    ကိုလည်း သုံးတယ်။

    စံယူနီကုတ် စနစ်ဖြစ်ဖြစ် စံမဟုတ်တဲ့ ယူနီကုတ် စနစ်ဖြစ်ဖြစ် ကျွန်တော် မျက်လုံးမှိတ်ပြီး သုံးလို့ ရပါတယ်။( ကြုံကြွား)

    ကျွန်တော် ပုဂ္ဂလိကစိတ်ခံစားချက် အရဆိုရင်
    စံမြန်မာယူနီကုတ်စနစ်ကို ပိုသဘောကျတယ်။
    ခု ယူနီကုတ်ပြောင်းကြပြီဆိုတော့ ဝမ်းသာမိပါတယ်။
    တစ်ခုက Unicode က လူတိုင်းနဲ့ သဟဇာတ ဖြစ်မှာမဟုတ်ပါဘူး။ သင်ပုန်းကြီးမကျေရင် သုံးဖို့ မလွယ်ပါဘူး။ စံမြန်မာစာ စနစ်ဖြစ်လို့ စည်းကမ်းဘောင်တွေရှိပါတယ်။

    ကွန်ပျူတာမှာ Data Base သွင်းတာမျိုးဆို စံမြန်မာစာစနစ်က အများကြီးအသုံးဝင်ပါတယ်။

    Zawgyi လည်း Unicode ပါပဲ။
    Pyitaungsu လည်း Unicode ပါပဲ။

    Unicode ချင်းအတူတူ စံပြည့်ဝ တဲ့ Unicode စနစ်ကို ကျွန်တော် သုံးချင်တာပါ။ ဒါပါပဲ။

    electronic ပစ္စည်းတွေမှာ သူများဘာသာစကားတွေနဲ့ ပြောဆိုနေတာ ။ AI နည်းပညာသုံးထားတဲ့ ပစ္စည်းတွေမှာ ကျွန်တော်တို့ ြမန်မာစကားတွေ ပါဝင်လာဖို့ ( ပါလည်းပါနေပါပြီ ) ဒါဆိုကျွန်တော်တို့ ပြည့်စုံတဲ့ ယူနီကုတ်စနစ်ကို သုံးဖို့ လိုအပ်ပါတယ်။

    ခု google Map မှာ ြမန်မာလိုပြောပြီး လမ်းညွန်တဲ့ စနစ်ရပါပြီ ။ Location ကို Vioce နဲ့လည်း ရှာလို့ ရပါတယ်။
    ကျွန်တော် ြဖစ်စေချင်တာကြာပါပြီ။

    ဘာသာပြန်နားကြပ်တွေဆိုတာလည်း Unicode စနစ်နဲ့ သွားတာပါ။ ကိုယ်က ထူးချွန်လို့ ကမ္ဘာအလယ် စင်တစ်ခုမှာ
    Talk Show ပြောတဲ့ အခါ ကိုယ့်မိခင် ဘာသာစကားနဲ့ ရဲရဲဝင့်ဝင့် ပြောလို့ရသွားမှာပါ။

    မင်းကျ Unicode ဘာလို့ သုံးလဲလို့ မေးရင်
    ကျွန်တော်မှာ ဖြေစရာ တစ်ခုပဲ ရှိပါတယ်။

    ကျွန်တော် မြန်မာစာကို ချစ်လို့ပါ။

    မောင်ဆူးငယ်(ရန်ကုန်)

     
  • Maung Hsu Nge (YGN) 9:04 pm on September 26, 2019 Permalink | Reply
    Tags: အမှား, mistake   

    မှားတော့ ဘာဖြစ်လဲ 

    နာမည်ကျော် သိပ္ပံပညာရှင်ကြီးတစ်ယောက်နှင့် အင်တာဗျူးကို ကျွန်တော်နိုင်ငံခြားတီဗီအစီတွင် ကြည့်နေ သည်။ သူသည် ဆေးပညာလောကတွင် အရေးပါသော တီထွင်မှုပေါင်းများစွာကို လုပ်ဆောင်ခဲ့သူဟု သိရသည်။ သို့သော် ကျွန်တော်က သိပ္ပံနှင့်ဆေးအခေါ်အဝေါ်များကို အလှမ်းဝေးသောကြောင့် ဘာမှန်း ဘာသာပြန်၍မရနိုင်ပါ။

    ပြောလိုသည်မှာ သူသည် နာမည်ကျော် ပညာရှင်ကြီးတစ်ယောက်ဖြစ်ပါသည်။

    သူ့ကို သတင်းသမား အင်တာဗျူးသူကမေးသည်

    “ဆရာကြီးရှင့် … ဆရာကြီးဟာ အံ့သြစရာကောင်းတဲ့ တီထွင်မှုတွေကို ဘာကြောင့်လုပ်နိုင်တာလဲရှင့်။ သာမန်လူတွေထက်ဘာကြောင့် ဒီလို ဖန်တီးတီထွင်အားတွေ ကောင်းပြီး အောင်မြင်ရတာလဲရှင့်” ဟု မေးလိုက်သည်။

    ဆရာကြီးက

    “ကျုပ်အမြင်ကိုပြောမယ်နော် … ကျုပ် မေမေကြောင့်ပေါ့” ဟု တစ်ခွန်းတည်းပြောလိုက်သည်။

    မေးသူက အံ့အားသင့်သွားသည်။

    “ဆရာကြီး မေမေကြောင့် ဟုတ်လား”

    “ဟုတ်တယ်”

    ဆရာကြီးက သူ့ မေမေကြောင့်ဆိုသည့်အကြောင်းကို ဤသို့ရှင်းပြသည်။

    သူ အသက် ၃ နှစ်သားအရွယ်တွင် ရေခဲသေတ္တာကိုဖွင့်ပြီး အပေါ်စင်မှ နွားနို့ဘူးကို လှမ်းယူသည်။ မမှီမကမ်းနှင့်ဖြစ်နေသလို ဘူးကလည်းသူ့လက်နှင့် မဆန့်သောကြောင့် အောက်ကို ပြုတ်ကျသည်။ ဘူးက ထိပ်ပွင့်သွားပြီး မီးဖိုးချောင်ကြမ်းပြင်ပေါ်ကို ဖွေးခနဲဖြစ်သွားသည်။

    အသံတွေကြားသောကြောင့် သူ့မိခင်က မီးဖိုချောင်ခန်းထဲကို ဝင်လာသည်။ မေမေက သူ့ကိုမဆူ၊ ရိုက်လည်း မရိုက်။ မျက်လုံလေး ပေကလပ် ပေကလပ်ဖြစ်နေသော သားငယ်လေးကိုကြည့်ပြီး

    “သားသား … အလိုလေး သားကတော့ မီးဖိုချောင်တစ်ခုလုံးကို အရောင်ပြောင်းလိုက်ပြီဟေ့ … နို့အိုင်ကြီး တစ်အိုင်ကို မေမေ့တစ်သက် မမြင်ဖူးဘူး။ ကိုင်း သားသားရေ … နို့အိုင်ကြီးကတော့ ဖြစ်နေပြီ … နို့အိုင်ထဲမှာ သားသား ရေမကူးချင်ဘူးလား … ဆော့စမ်း … ကြိုက်သလောက် ဆော့စမ်း … သားသား ၅ မိနစ်လောက် အချိန်ရမယ် … မေမေ အိမ်ရှေ့မှာ အလုပ် မပြတ်သေးလို့ … မေမေ ပြန်လာမှရှင်းမယ်”

    မေမေက သူ့ခေါင်းလေးကို ပွတ်ပြီး အပြင်ပြန်ထွက်သွားသည်။ ခဏအကြာတွင် မေမေပြန်ဝင်လာသည်။

    “သားသား … ဒီလိုဖြစ်သွားလို့ မကြောက်ရဘူး သိလား … ခုဆိုရင် ကြမ်းပြင်ပေါ် ဘာဖြစ်သွားပြီလဲ”

    “နို့တွေဖိတ်ကုန်တယ်”

    “နို့တွေဖိတ်ကုန်တာကို ဒီအတိုင်း ထားလိုက်လို့မရဘူးနော် … အရင်အတိုင်း ဖြစ်အောင် ပြန်လုပ်ရတယ်။ ခုဆိုရင် မေမေ့လက်ထဲမှာ ရေမြှုပ်ရယ်၊ ပဝါရယ်၊ ကြမ်းတိုက်တံရယ် ပါလာတယ် … သားတစ်ခုခု ရွေးချယ် ရမယ် … ကဲ ဘာကို ယူမလဲ”

    သားသားက ရေမြှုပ်တုံးကိုရွေးလိုက်သည်။

    “သားသား လက်လေးက သေးသေးလေး … ကြီးတာတွေကို ကိုင်တော့မယ်ဆိုရင် ပထမဆုံး ပိုင်ပိုင် နိုင်နိုင် ကိုင်နိုင်အောင် ပြင်ဆင်ရမယ်။ လက်တစ်ဖက်နဲ့ မနိုင်ရင် … လက်နှစ်ဖက်နဲ့ ကိုင်ရမယ်” ဟုပြောသည်။

    မေမေနှင့်သူ ကြမ်းပြင်သန့်ရှင်းရေးလုပ်ရသည်မှာ ပျော်စရာကောင်းလှသည်။

    “ကဲ … ပြီးသွားပြီ … သားသား အိမ်နောက်ဖေးကိုသွား၊ ရေချိုးဇလုံထဲမှာ ပုလင်းတွေရှိတယ်။ သားသားက ရေဖြည့်ရမယ်။ ပြီးရင် ပုလင်းတွေကို လွတ်မကျအောင်ကိုင်ပြီး မေမေ့ကို လာပေးမယ် … ဟုတ်ပြီလား”

    သားလေးက အပြင်ကိုထွက်သွားသည်။ ရေချိုးဇလုံထဲတွင် ပုလင်းတွေအများကြီးဖြစ်သည်။ သားလေးက ပုလင်းတွေကို ရေဖြည့်သည်။ တစ်ပုလင်းပြည့်တိုင်း မေမေ့ဆီကို သွားပေးသည်။ သူပုလင်းတစ်လုံးမျှ မလွတ်ကျ။

    “တော်လိုက်တဲ့သားလေး”

    မေမေ့ချီးမွမ်းသံကြောင့် သူပျော်သွားသည်။

    ဆရာကြီးက စကားကိုရပ်ပြီး အင်တာဗျူးသူကို တည့်တည့်ကြည့်လိုက်သည်။ ကောင်မလေးက ဆရာကြီးကို အံ့အားသင့်ပြီး စကားပြန်မပြောနိုင်လောက်အောင် ငေးနေမိသည်။

    “အဲဒီအချိန်ကစပြီး ကျုပ်လည်း အမှားလုပ်မိမှာကို ဘယ်တော့မှ မကြောက်တော့ဘူး။ အမှားကနေ သင်ခန်းစာ ယူဖို့အမြဲသတိရတယ်။ ကိုယ်လုပ်တဲ့အမှားကို တာဝန်ယူ တာဝန်ခံရမယ်ဆိုတာလည်းသိတယ်။ မှားတာကို စိတ်ပျက်ပြီး လက်လျှော့လိုက်ဖို့မဟုတ်ဘူး။ ထပ်ကာ ထပ်ကာကြိုးစားတည်ဆောက်လိုက်ရင် အမှန်ကို ရောက်သွားနိုင်တယ်ဆိုတာ ကောင်းကောင်းသိလိုက်တယ်။ ကျုပ်ဘာလုပ်လုပ် မေမေက ပေးလိုက်တဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်မှု၊ အားထုတ်မှု၊ ကြိုးစားမှုတွေအသိတွေနဲ့လုပ်တယ်။ ဒါကြောင့် ကျုပ် အောင်မြင်မှုတွေ ရနေတယ်ထင်တာပဲ”

    (Don’t be afraid to make mistakes)

    တင်ညွန့်

    ၁၁.၉.၂၀၁၉

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
Reply
e
Edit
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
Cancel
Travel N Write

Travel, Poetry & Short Stories

Mawlamyine Daily

Public Media

Ye Htut's Blog

Myanmar Politics

Akoneshare.com

ဖေ့စဘွတ်ပေါ်ရှိသတင်းထူးများကို တစ်နေရာထဲတွင် ဖတ်နိုင်ရန် ရည်ရွယ်ပါသည်။

Sketch Away: Travels with my sketchbook

Just another WordPress.com site

annewarren

Art including mixed media, collage, still-life painting and fun workshops.

Saranya

Normal thoughts but unique view

Meg Sorick, Author/Artist

All my creative pursuits.

Motivation & Environment

Motivation, Self-help, Environment, Futuristic Science & Technology, Technical Drawing with Engineering Graphics, GOD, and Spirituality

Maung Hsu Nge's Blog

မောင်ဆူးငယ်(ရန်ကုန်)

Discover

A daily selection of the best content published on WordPress, collected for you by humans who love to read.

The Atavist Magazine

မောင်ဆူးငယ်(ရန်ကုန်)

Longreads

The best longform stories on the web

The WordPress.com Blog

The latest news on WordPress.com and the WordPress community.

Create your website at WordPress.com
Get started